▼

June 26, 2015

ကင်မရာ ဝယ်တော့မယ်ဆိုရင် ...

ဓာတ်ပုံရိုက်ချင်တယ်..ဘယ်ကင်မရာ ၀ယ်ရမလဲ..ဘယ်မှန်ဘီလူး ၀ယ်ရမလဲ..။ ငွေဘယ်လောက် သုံးရမလဲ…။ Nikon ကောင်းလား Canon ကကောင်းလား Sony ကရော ဘယ်လိုနေလဲ…။ စတဲ့ မေးခွန်းတွေကို ခဏခဏ မေးတတ်ကြပါတယ် ။တကယ်တော့ ~ Canon ပဲ ဖြစ်ဖြစ် Nikon ပဲ ဖြစ်ဖြစ် အဓိက က ကိုယ်ရိုက်ချင်တဲ့ ဓာတ်ပုံကို လူက လိုက်ရိုက်ပေးနိုင်ဖို့ပဲ လိုပါတယ်…။

တစ်ခုစီမှာ အားနည်းချက် အားသာချက်တွေ ကိုယ်စီ ရှိကြပါတယ်…။
ဓာတ်ပုံကို ၀ါသနာပါတယ် ဘယ်လိုကင်မရာ ၀ယ်ရမလဲ..။ ဘယ် Brand ၀ယ်ရမလဲဆိုရင်တော့…။ အရင်ဆုံး ကိုယ့်ကိုယ်ကို ပြန်မေးပါ..။
(၁) ငါ ဘယ်လို ဓာတ်ပုံမျိုးကို ရိုက်ချင်တာလဲ …။
(၂) ငွေဘယ်လောက် သုံးနိုင်မလဲ…။
ဆိုတာပါပဲ…။
ကင်မရာတွေကို အကြမ်းဖျင်းအားဖြင့် Bridge အုပ်စု နဲ့ DSLR အုပ်စု ဆိုပြီး GROUP နှစ်ခု ခွဲခြားမှတ်သားနိုင်ပါတယ် ။
Bridge ဆိုတာ ကင်မရာရဲ့ဘော်ဒီမှာ သင့်တော်တဲ့ မှန်ဘီလူး( lens ) တစ်လုံးကို အသေတွဲတပ်ဆင်ပြီး ထုတ်လုပ်ရောင်းချတဲ့ကင်မရာမျိုးတွေပါ ။Lens ကို အသေတပ်ဆင်ထားတာမို့ Bridge ကင်မရာတွေဟာ DSLR ကင်မရာတွေလို lens အမျိုးမျိုးပြောင်းတပ်လို့မရပါဘူး ။
ဒါပေမယ့်လည်း Bridge တွေဟာ DSLR ကင်မရာတွေ နီးပါးရိုက်လို့ရပါတယ်…။
Shutter Mode (TV/S), Aperture Mode (AV/A), Manual Mode (M) စတဲ့ DSLR မှာပါတဲ့ Function တွေ အားလုံး (နီးပါး) ပါဝင်ပါတယ်…။
DSLR ထက် အားသာတဲ့အချက်က Lens လဲစရာမလိုပဲ Range တော်တော်စုံစုံ ကို ရိုက်လို့ရပါတယ်….။ပီးတော့ DSLR ကင်မရာတွေထက်လည်း ဈေးနှုန်းချိုသာပါတယ် ။
DSLR ထက် အားနည်းချက် (အဓိက အားနည်းချက်) က တော့ Sensor Size သေးလွန်းခြင်းနဲ့ DSLR တွေလောက် ISO မနိုင်ခြင်းပဲ ဖြစ်ပါတယ်…။
အဲ့ဒီ့အတွက် အဖြေကရှင်းပါတယ်..။ ရိုက်နိုင်သလားဆိုတော့ ရိုက်နိုင်တယ်..။ ဒါပေမယ့် ပုံထွက်ပိုင်းမှာတော့ တော်တော်သိသိသာသာလေး ကွာသွားနိုင်ပါတယ်…။
DSLR ကင်မရာရဲ့ပုံထွက်ကို Bridge ကင်မရာတွေက ဘယ်လိုမှ မမှီပါဘူး ။
ပုံအရည်အသွေးဟာ ဓာတ်ပုံဝါသနာရှင်/ပညာရှင် တစ်ယောက် အတွက် အသက်ဖြစ်တဲ့အတွက် DSLR ကင်မရာတွေကို အသုံးများကြပါတယ်…။
DSLR ဆိုတာ နာမည်ကိုက Digital Single Lens Reflex ကို အတိုကောက် DSLR လို့ခေါ်ကြတာမို့ သူ့နာမည်ရဲ့ဆိုလိုရင်းအတိုင်း
ကိုယ်ရိုက်ချင်တဲ့ Photography အမျိုးအစား တစ်ခုစီအတွက် မဖြစ်မနေ (ဖြစ်နိုင်ရင်) Lens တစ်ခုစီကို ပြောင်းလဲ အသုံးပြုဖို့ လိုပါလိ့မ်မယ်..။
ဥပမာ ပန်းပွင့်လေးတွေ ပုရွက်ဆိတ်လေးတွေ လိပ်ပြာလေးတွေကို အနီးကပ်အလှ ရိုက်ချင်တယ်ဆိုရင် Macro Lens … ရှုခင်းတွေကို ရိုက်ချင်တယ်ဆိုရင် Ultra Wide Lens … မော်ဒယ်အလှပုံ တွေ - Net Geo တို့ Discovery channel တွေကလို သဘာဝတောတရိစ္ဆာန်လေးတွေရဲ့
Wild Life ကို ရိုက်ချင်တယ်ဆိုရင် Tele Lens စသဖြင့် ကိုယ်ရိုက်ချင်တဲ့ အပေါ်မှာ မူတည်ပြီး အသုံးပြုရမယ့် Lens တွေကွဲပြားသွားပါတယ်…။
အရေးကြီးတဲ့အချက်က စ ၀ယ်မယ့်သူတော်တော်များများဟာ DSLR ကို မြင်တိုင်း Professional Camera လို့ ထင်ကြပါတယ်..။
အမှန်တစ်ကယ်ဆို DSLR တိုင်း Professional Camera မဟုတ်ပါဘူး…။ DSLR Camera တွေမှာ Level လေးခုရှိပါတယ်..။
(1) Entry Level –
ဒါကတော့ ကင်မရာကို ခုမှစ ထိတွေ့သုံးစွဲတဲ့သူတွေအတွက် သုံးရတာ လွယ်ကူအဆင်ပြေအောင် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေပါ ။ ဥပမာ ~
Canon ကင်မရာမော်ဒယ်တွေမှာဆိုရင်
1100D, 550D, 600D, 650D, 700D
Nikon ကင်မရာမော်ဒယ်တွေဆိုရင်
D60, D3000, D3100, D5000, D5100, D5200
စတဲ့ ကင်မရာတွေဟာ entry level တွေပါ ။
(သိသာတဲ့အချက်က Entry Level DSLR Body တွေမှာ Top Panel Display မပါပါဘူး)
(2) Semi-Pro Level –
ဒါကတော့ အပျော်တမ်းဝါသနာကြီးသူတွေ အတွက် နည်းနည်းပိုကလိလို့ရ တဲ့ အတန်းပေါ့ ။ ဈေးလည်း entey တွေထက် နည်းနည်းလေးပိုလာမယ် ။
Canon မှာဆို 50D, 60D
Nikon မှာဆို D90, D7000, D7100 , D7200
(3) High End Semi-Pro-
ဒါကတော့ ကြေးစားသတင်းထောက်တွေ - မှတ်တမ်းသမားတွေအတွက် အထူးသင့်တော်ပါတယ် ။ဈေးလည်း ပိုပေးရ လာပါပြီ ။
Canon မှာဆိုရင် 7D , 6D , 7D mark 2
( 7D ဆိုရင် ဟောလိဝုဒ်/ ဘောလိဝုဒ် စတဲ့ နိုင်ငံတကာရုပ်ရှင်နယ်ပယ်တွေမှာ ရုပ်ရှင်ဇာတ်လမ်းရိုက်တဲ့ ကင်မရာအဖြစ်တောင် သုံးကြပါတယ် )
Nikon မှာဆိုရင်တော့ D300, D300sစတာတွေပေါ့ ။
(4) Pro Level –
ဒါကတော့ ပရော်ဖက်ရှင်နယ်ဘွက တစ်ပြားသားမှအလျှော့မပေးနိုင်ဘူးဟေ့ ဆိုတဲ့သူတွေအတွက်ပေါ့ ။
Canon မှာဆိုရင်
5D Mark II , 5D Mark III , 1DS Series, 1DX
Nikon မှာဆိုရင်
D700, D800, D800s, D3s, D3x, D4- စတာတွေပေါ့ ။
နောက်တစ်ခုက Camera Body တစ်ခုနဲ့ တစ်ခုကို တန်းမတူတာတွေ မညှိဖို့ လိုပါတယ်..။
ဥပမာ Nikon က D90 ကို Canon က 5D Mark II နဲ့ ညှိ လို့မရသလို…။ Canon က 7D ကိုလည်း Nikon က D700 နဲ့ သွားညှိ လို့မရပါဘူး..။
Line Up မတူပါဘူး..။ ယှဉ်ချင်ရင် Nikon D90 နဲ့ Canon 50D, 60D (သို့မဟုတ်) Nikon D300s နဲ့ Canon 7D (သို့မဟုတ်)
Nikon D700 နဲ့ Canon 5D Mark II စသဖြင့် သူ့ Line Up နဲ့ သူ ယှဉ်မှသာ အဖြေမှန်ကို ရပါလိမ့်မယ်…။
Pro Level Camera နဲ့ Pro Level မဟုတ်တဲ့ Camera ဘာကွာသလဲ ဆိုရင်တော့ Sensor ပါပဲ..။
Pro Level Camera တွေမှာ Full Frame Sensor (35mm) ပါဝင်နေတာဖြစ်ပြီး..။
Entry Level က အစ High End Semi-Pro အဆုံး Canon မှာဆို APS-C 1.6x crop sensor (Canon မှာ APS-H ဆိုတာရှိပါသေးတယ် 1D Series ပါ…။ 1Ds နဲ့ မဆိုင်ပါ..။
1Ds က Full Frame ပါ..။) နဲ့ Nikon မှာ ဆို DX 1.5 Crop Sensor တွေသာပါမှာ ဖြစ်ပါတယ်..။Sensor ကွာတော့ ပုံ quality သိသိသာသာ ကွာသွားပါတယ်..။
အထူးသဖြင့် ISO များများတင်ရိုက်တဲ့အချိန်မှာ သိသိသာသာကြီး ကွာသွားပါတယ်..။
ဒီလောက်ဆိုရင် DSLR တွေအကြောင်းကို နဲနဲ တီးမိခေါက် မိလောက်ရှိသွားပြီ ထင်ပါတယ်…။ ကျနော်အခုရေးပြတာမှာ ကျနော်သိသလောက် ဖတ်ဖူးသလောက်အွန်လိုင်းပေါ်ကဓါတ်ပုံဆောင်းပါးများကို Notes အနေနဲ့သိမ်းထားတဲ့စာတိုမှတ်စု ဗဟုသုတနည်းနည်းလေးနဲ့ရေးထားတာမို့လို့ လိုအပ်ချက်တွေလည်းရှိမှာပါ ။ ပိုပြီးပြည့်စုံသွားအောင် သိနားလည်ချင်သူများက Aperture 21 ကဲ့သို့ ပညာရှင်တွေရဲ့ photography page များမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ် ။ကျနော်လည်း သူတို့ဆောင်းပါးတွေထဲက collect လုပ်ပီး တင်ပြထားတာပါ ။
နိဂုံးအနေနဲ့ ကင်မရာ စ ၀ယ်မယ့်သူများအနေနဲ့ ကျွန်တော် အပေါ်က ပြောခဲ့တာတွေအားလုံးကို လေ့လာသုံးသပ်ပြီးမှ ကိုယ်ဘယ်လောက်အထိရိုက်ချင်တာလဲ ဆိုတာစဉ်းစားပီး ၀ယ်စေချင်ပါတယ်..။
Photography ဟာ ငွေကုန်ကြေးကျများတဲ့ဝါသနာ ( Expensive Hobby ) တစ်ခုဖြစ်တဲ့အတွက် ၀ယ်ပြီးမှ ကိုယ်နဲ့ အဆင်မပြေ အသုံးအတည့်ရင် အရှုံးကြီးပါလိ့မ်မယ်.။
ဝယ်လိုက် မကြိုက်လို့ ပြန်ေ၇ာင်းလိုက် လုပ်ရင် ကိုယ့်အတွက် နှစ်ခါ နစ်နာပါတယ်..။ ဒါကြောင့် လွယ်လွယ်ကူကူ Canon မှာဆိုရင် (650D, 700D ) ၀ယ်လိုက်..။
Nikon မှာဆို D5200 ၀ယ် ဘာညာဆိုပြီး (ဖြစ်နိုင်ရင်) ကျွန်တော် အကြံမပေးလိုပါဘူး..။
ဘာလို့လဲဆိုတော့ Camera သမားတိုင်းဟာ Entry Level Camera ၀ယ်ပြီး သိပ်မကြာခင် (၁ လ ၂ လ ) အတွင်းမှာတင် Semi-Pro ကို စ ပြောင်းချင်လာပါတယ်..။
အဲ့ဒီ့ အခါ အောက်ဈေးနဲ့ ကိုယ့်ကင်မရာကို ရောင်းရတဲ့အတွက် တစ်ခါရှုံး..။ Semi Pro တွေက ဈေးမြင့်တဲ့ အတွက် တစ်ခါ ထပ်ကုန်နဲ့ နှစ်ခါ နာတတ်ပါတယ်..။
ဒါကြောင့် သေသေချာချာ စဉ်းစားပြီးမှ ၀ယ်စေချင်ပါတယ်..။
အရေးကြီးဆုံးအချက်ကတော့ ကိုယ့်မှာသုံးမယ့် ငွေအနေအထားနဲ့ ကိုယ်လိုချင် ရိုက်ချင်တဲ့ ဓာတ်ပုံအမျိုးအစားကို ချိန်တွက်ပြီး ၀ယ်တတ် ဖို့လိုပါတယ်….။
စိတ်ထဲမှာ အမြဲတမ်းမှတ်ထားဖို့ကတော့ ~
“သူဘာ Camera သုံးလဲဆိုတာထက်..။ သူဘယ်လိုရိုက်သလဲ…။ ကင်မရာ နောက်က လူက ဘာလဲ” ဆိုတာပဲ ဖြစ်ပါတယ်..။
ချစ်ခြင်းအားဖြင့်.....

5.5.2015 : 5:55 pm
# ဒီပိုစ့်အတွက် ကျနော့်ရဲ့ သင်ဆရာ - မြင်ဆရာ - ကြားဆရာများနဲ့ Black Dream ( Aperture 21 ) ကဲ့သို့ အွန်လိုင်းပေါ်မှာ ဓါတ်ပုံပညာရပ်ဆိုင်ရာဗဟုသုတများ ဖြန့်ဝေပေးတဲ့ ဓါတ်ပုံပညာရှင်များ ( ၄င်းတို့၏ ဘလော့ဂ်များ ဝဘ်ဆိုဒ်များ )
(အားလုံးကို ထပ်မံ၍Credit ပေးပါသည် )

သာသနာ့အလံ ဖြစ်ပေါ်လာပုံအကြောင်း

သာသနာ့အလံ တီထွင်သူ အမှန်

(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။

ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။

တီထွင်သူ အစစ်

(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)

ဟင်နရီစတီးအိုကော့ ( H.S. Olcott )

ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။

၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။

စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)

စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။

စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။

မြန်မာနိုင်ငံ နှင့် သာသနာ့အလံ

သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။

အလံတော် အဓိပ္ပါယ်

သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။

အရွယ်အစား/အရောင်

• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။

အသုံးပြုပုံ

မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-

(က)အခါကြီး ရက်ကြီးများ

1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)

(ခ)ပွဲတော်နှင့် အခမ်းအနားများ

1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။

(ဂ)လွှင့်ထူ အသုံးပြုနည်း
အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊

(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)

  1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။

စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။

(အရှင်စန္ဒောဘာသ(ရွှေဘို)
ရေးသားသည့်သာသနာ့အလံတော်စာအုပ်မှ)

နိုင်ငံတော်သီချင်းဘယ်သူရေးခဲ့သလဲ

"ကမ္ဘာမကြေ"သီချင်းသည်ခောတ်အဆက်အဆက်ဖြတ်သန်းခဲ့သောတိုင်းသိပြည်သိကမ္ဘာသိ
သောသီချင်းဖြစ်ပါသည်။ သို့ သော်သီချင်းရေးစပ်ခဲ့သူ...မွေးဖွားပေးခဲ့သူမူလပိုင်ရှင်အစစ်အ
မှန်ကိုတော့သိသူမရှိသလောက်ဟုဆိုရမည်ဖြစ်ပါသည်။
ကမ္ဘာမကြေသီချင်းကိုရေးသားခဲ့သူမှာ စန္ဒရားဦးစိန်မြမောင်ဖြစ်ပါသည်။ယခုဆိလျှင်သူကွယ်
လွန်ခဲ့သည်မှာ ၂နှစ်နီးပါးရှိခဲ့ပါပြီ ။ ဦးစိန်မြမောင်သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင်
ကာလပေါ်နှင့်ခေတ်ဟောင်းတေးစီစစ်ရေးဘုတ်အဖွဲ့ဝင်ဖြစ်ပါသည်။ သူသည်ကဏ္ဍစုံ ထောင့်
စုံမှရသစုံပေါ်လွင်သောတေးသီချင်းပုဒ်ရေ တစ်ထောင်ကျော်ရေးသားသီကုံးခဲ့သူ မော်ကွန်း
ဝင်(ပထမအဆင့်)နှင့်ဝိဇ္ဇာထူးချွန်ဆု(ဒုတိယအဆင့်)တို့ ကိုရရှိခဲ့သူဖြစ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရှိသည့် ၁၉၄၈ခုနှစ်ဇန်နဝါရီ၎ရက်နေ့ မှာ နိုင်ငံတော်အလံကိုလွှင့်
တင်ရမှာဖြစ်သည့်အတွက်ထိုနေ့နိုင်ငံတော်အလံတင်အခန်းအနားတွင်သီဆိုရန်သီချင်းတစ်ပုဒ်
လိုအပ်လာပါသည်။ သည့်အတွက်ထိုစဉ်ကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကထိုနေ့ အခမ်းအနား
တွင်သီဆိုဖို့ သီချင်းတစ်ပုဒ်ရေးရန်ဆရာရွှေတိုင်ညွှန့် အားခေါ်လာပေးရန်ဦးစိန်မြမောင်ကိုပြော
ပါသည်။ ဦးစိန်မြမောင်က ဆရာရွှေတိုင်ညွှန့် ကွယ်လွန်သွားပြီဖြစ်သည့်အတွက်မရှိတော့
ကြောင်း အကြောင်းပြန်ခဲ့ရာ ဦးနုကတခြားတေးရေးဆရာများနှင့်တိုင်ပင်ရေးပေးရန် ဦးစိန်လှ
မောင်ကို ထပ်မံတာဝန်ပေးလိုက်ပြန်သည်။ဦးစိန်မြမောင်သည် ဆရာစိန်ဝေလျှံ...ဒဂုံဆရာတင်
ဆောင်းဦးဘသန်း...ဂီတာဦးစိန်အောင်...နှင့်ဆရာရန်နိုင်စိန်တို့ ကို လိုက်လံခေါ်ဆောင်ခဲ့ပါ
သည်။သူတို့ အားလုံးစုစည်းရောက်ရှိလာပီးသီးချင်းရေးစပ်ဖို့ တိုင်ပင်ရာဆရာစိန်ဝေလျှံနှင့်
ဆောင်းဦးဘသန်းတို့ တစ်ယောက်နှင့်တစ်ယောက်စကားများရန်ဖြစ်ရာမှ သီချင်းရေးဖို့ အစီ
စဉ်ပျက်ပြားခဲ့ပြန်သည်။နောက်ထပ်သီချင်းရေးစပ်ဖို့ မည်သူ့ ကိုမှစည်းရုံးမရပဲဖြစ်နေပါသည်။
အကြောင်းစုံကို ဦးစိန်မြမောင်ကဦးနုထံတင်ပြခဲ့ရာဦနုက ဦးစိန်မြမောင်တစ်ယောက်ထဲရေး
ပေးနိုင်ပါကရေးပေးစေလိုကြောင်းပြောကြားတာဝန်ပေးအပ်လိုက်ပါသည်။ဦးစိန်မြမောင်သည်
ဦးနုအိမ်တွင်တစ်ယောက်ထဲရေးသားစပ်ဆိုခဲ့ရပါတော့သည်။ သီချင်းအစဆုံးတစ်ပုဒ်လုံးကိုဆ
ရာဇော်ဂျီဦးဆောင်သောအကဲဖြတ်အဖွဲ့ကသီချင်းစာသားများကို တစ်လုံးစီအသေးစိပ်စီစစ်ပီး
သီချင်းကို အတည်ပြုခဲ့ကြပါသည်။ထိုသို့ အတည်ပြုပီးနောက်ဝန်ကြီးအဖွဲနှင့်လွှတ်တော်အဖွဲ
နှစ်ရပ်လုံးကပါထပ်မံအတည်ပြုခဲ့ကြပါသည်။ ထိုသို့ အဆင့်ဆင့်အတည်ပြုပီးသောကမ္ဘာမ
ကြေသီချင်းကိုမြန်မာ့အသံမှ ဒါရိုက်တာဦးခင်ဇော်ကမြန်မာနိုင်ငံသို့ ခေတ္တရောက်နေသော
အမေရိကန်တီးဝိုင်းအကူအညီဖြင့်အသံသွင်းခဲ့ပါသည်။သီချင်းသီဆိုသူက အဆိုတော်ရွှေညာ
မောင်ဖြစ်ပါသည်။ ဤသို့ ဖြင့် ကမ္ဘာမကြေသီချင်းသည်မြန်မာ့လွတ်လပ်ရေးအလံတင်အခမ်း
နားတွင်ယူနီဂျက်အလံဖြုတ်ချပီးမြန်မနိုင်ငံတော်လွှင့်ထူရမည့်အချိန်တွင်သီဆိုရမည့် နိုင်ငံ
တော်သီချင်းဖြစ်လာပါတော့သည်။လွတ်လပ်ရေးနေ့ ဘွဲ့ ထူးဂုဏ်ထူးချီးမြှင့်ရာတွင် ဦးစိန်မြ
မောင်သည်ကမ္ဘာမကြေသီချင်းဖြင့်ဝဏ္ဏကျော်ထင်ဘွဲ့ကိုထိုက်ထိုက်တန်တန်ရှိခဲ့ပါသည်။ဦးစိန်
မြမောင်က သူမကွယ်လွန်မီ ကမ္ဘာ မကြေသီချင်းကိုသူရေးစပ်ခဲ့ကြောင်းခိုင်မာသောအ
ထောက်အထားတို့ ဖြင့် တင်ပြနိုင်ခဲ့သဖြင့်ယနေ့နိုင်ငံတော်ကသူ့ အားဝိဇ္ဇာထူးချွန်ဆု
(ဒုတိယအဆင့်)ချီးမြင့်ပေးအပ်ခဲ့ပါသည်။

လုပ်ငန်း စတင် သူများ ပြုလုပ်လေ့ရှိသော အမှား ၉ ခု

စီးပွားရေး လုပ်ငန်းသစ် စတင်ရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကြိုတင်စီစဉ်ထားမှု ရှိဖို့နဲ့ အဲဒီ အစီအစဉ်အတိုင်း လိုက်လုပ်နိုင်မယ် စည်းကမ်းရှိဖို့ပါပဲ။ အခုမှစတင်တဲ့ လုပ်ငန်းသစ်တစ်ခုမှာ ပါဝင်ရတာဟာ အမြဲတမ်း စိတ်ဝင်စားဖို့ ကောင်းနေတာတော့ မဟုတ်ပါဘူး။ မကြာခဏ ဆိုသလို လုပ်ရမယ့် ကိစ္စတွေ လုပ်ဖို့ ကိုယ့်ကိုကိုယ် ဖိအားပေးဖို့ လိုပါတယ်။ အဲရစ်ရိုက်စ် (Eric Ries) ကတော့ သူရဲ့ စာအုပ်ဖြစ်တဲ့ “The Lean Setup” မှာ ဒီလိုရေးထားပါတယ်။ “ကျွန်တော် ဟာ ကျွန်တော်ရဲ့ ဆုံးရှုံးမှုတွေ၊ အောင်မြင်မှုတွေ နဲ့ တခြားလူတွေရဲ့ ဆုံးရှုံးမှုတွေ၊ အောင်မြင်မှုတွေ ကို လေ့လာရာက သိလိုက်ရတာကတော့ လုပ်ငန်းတိုင်းမှာ ရှိတတ်တဲ့ ပျင်းစရာ ကောင်းတယ် ဆိုတဲ့ အလုပ်တွေ၊ ကိစ္စတွေ ဟာ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှု ဆုံးရှုံးမှု အပေါ် အကျိုးသက်ရောက်မှု အရှိဆုံး ဆိုတာပါပဲ။ စီးပွားရေး လုပ်ငန်းသစ်တစ်ခု စတင်ရာမှာ အောင်မြင်တယ် ဆုံးရှုံးတယ် ဆိုတာဟာ ပါရမီ ပါလာတာတို့၊ အချိန်ကောင်း နေရာကေင်းရသွားတာတို့ မဟုတ်ပါဘူး။ တိကျတဲ့ လုပ်ပုံလုပ်နည်းတွေ ကို လိုက်နာခြင်း အားဖြင့် စီးပွားရေး လုပ်ငန်းသစ်တစ်ခု အောင်မြင်အောင် လုပ်နိုင်ပါတယ်။ ဆိုလိုတာကတော့ လုပ်ငန်းသစ်တစ်ခု အောင်မြင်စေတဲ့ နည်းလမ်းတွေ ကို သင်ယူလို့ရပါတယ်။ သင်ပေးလို့ရပါတယ်။”
အမှားတွေ မကြာခဏ မလုပ်မိအောင် ကြိုးစားတာ သင်ယူတာဟာ အဲဒီ “လုပ်ငန်းသစ်တစ်ခု အောင်မြင်စေတဲ့ နည်းလမ်း” ဆိုတာထဲက တစ်ခုပါပဲ။ အောက်မှာ ရေးထားတာကတော့ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရာမှာ ရှောင်ရှားသင့်တဲ့ အမှား ကိုးခု ပါပဲ။

၁။ လုံလောက်တဲ့ ငွေကြေး မသုံးစွဲခြင်းနဲ့၊ ငွေကြေး အလွန်အကျွံ သုံးစွဲခြင်း
လုပ်ငန်းသစ်တစ်ခု စတင်တဲ့ သူတစ်ယောက် အနေနဲ့ ပိုက်ဆံက ခင်ဗျားအတွက် အကြီးအကျယ် စဉ်းစားရတဲ့ ကိစ္စပါပဲ။ အချိန် မတိုင်ခင် သုံးလိုက်တဲ့ ပိုက်ဆံဟာ အလဟဿ ဖြစ်ဖို့များပါတယ်။ အဲဒီအတွက် ပိုက်ဆံ ရှာဖွေတာနဲ့ ပိုက်ဆံ စုဆောင်းတာဟာ တခြားကိစ္စတွေ အားလုံးထက် ဦးစားပေး ကိစ္စ ဖြစ်သွားတတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တွေ့လေ့ ရှိတဲ့ အတွေးလမ်းကြောင်း နှစ်ခု ရှိပါတယ်။ တစ်ခုက “ ပိုက်ဆံ ရှာဖို့ အတွက် ပိုက်ဆံ သုံး ကို သုံး ရမယ်” ဆိုတာ ဖြစ်ပြီး၊ နောက်တစ်ခုကတော့ “ကျွန်တော် လုံလောက်တဲ့ ဝင်ငွေ ရတဲ့ အထိ အနိမ့်ဆုံး လိုအပ်ချက်ကိုပဲ သုံးသွားမယ်” ဆိုတာပါပဲ။
အခုပြောခဲ့တဲ့ တွေးခေါ်ပုံ စိတ်နေစိတ်ထား နှစ်မျိုး စလုံးဟာ တစ်ဖက်ဖက်ကို အစွန်းရောက်သွားမယ် ဆိုရင် လုပ်ငန်းကို ဒုက္ခပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြုပ်နှံငွေကို ဥာဏ်ရှိရှိ အသုံးချပါ။ ဒါပေမယ့် လူတော်လူကောင်းတွေနဲ့ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေ အတွက် ရင်းနှီးမြုပ်နှံဖို့ကိုတော့ ကြောက်မနေပါနဲ့။ ဒါဟာ ရေရှည်အတွက် တကယ်ကောင်းစေတဲ့ အကျိုးရှိစေတဲ့ ကိစ္စပါ။

၂။ ကိုယ့်မှာ တစ်ပုံစံတည်းတူတဲ့ ပြိုင်ဘက် မရှိဘူးလို့ ထင်မြင်ခြင်း
ကုန်ပစ္စည်းသစ် ဒါမှမဟုတ် စီးပွားရေး ပုံစံသစ် ပြုလုပ်ခြင်းကြောင်းရတဲ့ စိတ်လှုပ်ရှားမှုတွေဟာ စွန်ဦးတီထွင်သူတွေကို သူတို့အတွက် ပုံစံတူ ပြိုင်ဘက် မရှိဘူးလို့ ထင်လာစေပါတယ်။ ဒါမှမဟုတ် သူတို့ရဲ့ ကုန်ပစ္စည်းဟာ တခြားလူတွေရဲ့ ပစ္စည်းထက် ခေါင်းတစ်လုံး မက သာနေတဲ့အတွက် သူတို့ဟာ သူတို့ သီးသန့် တန်းတစ်ခုမှာ ရပ်တည်တယ် လို့ ထင်စေပါတယ်။ တကယ်တမ်း လက်တွေ့မှာတော့ ကိုယ်နဲ့ တိုက်ရိုက် ဆက်စပ်တဲ့ ပြိင်ဘက် မရှိတဲ့ လုပ်ငန်း ဆိုတာ အင်မတန်ကို ရှားပါတယ်။ ခင်ဗျား က လုံးဝကို မရှိသေးတဲ့၊ မပေါ်ဖူးသေးတဲ့ ပစ္စည်းအသစ်တစ်ခုကို ထုတ်လုပ်နေတာ မဟုတ်ဘူး ဆိုရင်တော့ ခင်ဗျားရဲ့ ဈေးကွက် ဝေစုကို ခွဲယူမယ့် လူတစ်ယောက် ရှိနေမှာပါပဲ။ ခင်ဗျား မှာ တာဝန် ရှိတဲ့အတိုင်း ခင်ဗျားရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ ဆိုတာ လေ့လာပြီး ခင်ဗျားရဲ့ လုပ်ငန်းကို သူမတူအောင် ဘယ်လို လုပ်လို့ရမလဲ ဆိုတာကို စဉ်းစားပါ။

၃။ အလုပ်အတွက် လိုအပ်တဲ့ ဝန်ထမ်း ခန့်ထားမှုကို ကုန်ကျစရိတ်ပေါ် အခြေခံပြီး ပြုလုပ်ခြင်း
ဒါဟာ နံပါတ်တစ် အချက်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ဒါပေမယ့် ဒီအချက်က အရမ်းကို အရေးကြီးတဲ့အတွက် အချက်တစ်ခု အနေနဲ့ ခွဲပြီး ရေးထားတာပါ။ တကယ်လို့ ရင်းနှီးမြုပ်နှံငွေတွေ ကျပ်တည်းလာပြီ ဆိုရင် လူသစ်ရှာတဲ့ နေရာမှာ ကုန်ကျစရိတ်ကို ချွေတာ ဖို့ ကြိုးစားကြပါတယ်။ ဒီလို လုပ်တဲ့ နည်းလမ်းရဲ့ ပြသနာက ဘယ်လိုပဲ လုပ်လုပ် နောက်ဆုံးမှာတော့ ရေရှည်အတွက် ဆုံးရှုံးတာပါပဲ။ လခနည်းတဲ့ ဝန်ထမ်းတွေ အကြံပေးတွေဟာ ပုံမှန်အားဖြင့် ဈေးသက်သာရတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူတို့ဟာ အများအားဖြင့် အတွေ့အကြုံမရှိတာ၊ ကျွမ်းကျင်မှု မရှိတာ၊ မျက်နှာလွှဲ လို့မရတာ တစ်ခုခု (ဒါမှမဟုတ်) သုံးခု စလုံး လဲ ဖြစ်နိုင်ပါတယ်။

၎။ ဖြစ်နိုင်တဲ့၊ ရယူနိုင်တဲ့ ဦးတည်ချက် မရှိခြင်း
လုပ်ငန်းသစ် စတင်သူတွေဟာ သူတို့ရဲ့ ကြီးမားတဲ့ စိတ်ကူး အပေါ်မှာ အခြေတည်ပြီိး လုပ်ကြပါတယ်၊ တိကျသေချာတဲ့ လမ်းကြောင်း အစီအစဉ် မရှိဘဲ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ခင်ဗျားအနေနဲ့ အောင်မြင်ဖို့ ဆိုရင် တိကျသေချာ သဘာဝ ကျတဲ့ တကယ် ရယူနိုင်မယ် ဦးတည်ချက်၊ အောင်မြင်မှု ကို သတ်မှတ်ထားရပါမယ်။
ကိုယ့်ရဲ့ ရေတို၊ ရေရှည် ဦးတည်ချက်၊ ကို ချရေးပါ။ ရေးတဲ့ အခါမှာ တိတိကျကျ ဖြစ်ပါစေ။ ဥပမာ “ငါ ဒီနှစ်ထဲမှာ ပိုက်ဆံ သိန်း ၁ သောင်း ရအောင် လုပ်မယ်ဆိုတာမျိုး” မရေးပါနဲ့၊ သဘာဝကျတဲ့ ရည်မှန်းချက် ဦးတည်ချက် ထားပါ။ ပြီိးတဲ့အခါ အဲဒီကို ရောက်ဖို့ ဘယ်လို နည်းလမ်းနဲ့ သွားမယ် ဆိုတာကို တိတိကျကျ သတ်မှတ်ပါ။

၅။ ဈေးကွက် ရှာဖွေခြင်း၊ မားကက်တင်း နဲ့ပါတ်သက်လို့ မတွေးထားခြင်း
“ခင်ဗျားသာ တည်ဆောက်လိုက်၊ တခြားသူတွေ လာဝယ်ကြမှာပဲ” ဒါဟာ လုပ်ငန်းသစ် စတင်သူတွေ ရဲ့ ကြားထဲမှာ ပုံမှန်အားဖြင့် ယုံကြည်ထားကြတဲ့ အချက်တစ်ခုပါပဲ။ သူတို့ ထင်တာက သူတို့ရဲ့ ကုန်ပစ္စည်းဟာ အရမ်းကို တီထွင်မှု အသုံးကျမှု ကောင်းလွန်း နေတဲ့ အတွက် အသုံးပြုသူတွေကြားထဲမှာ တစ်ယောက်စကား တစ်ယောက်နား ဆိုသလို ပြန့်ပွားသွားမယ် လို့ ဖြစ်ပါတယ်။
တကယ်တမ်း လက်တွေ့မှာတော့ လုပ်ငန်းသစ်တွေရဲ့ အများစု (အားလုံးနီိးပါး) ဟာ ကြော်ငြာလုပ်ငန်း၊ မားကက်တင်း လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံကြရပါတယ်။ မားကက်တင်း ဆိုတဲ့နေရာမှာ SEO (Google နှင့် ရှာဖွေရာတွင် အဆင်ပြေစေရန် ပြုလုပ်ခြင်း)၊ အင်တာနက် မားကက်တင်း၊ လူအများနှင့် ဆက်ဆံမှု အခပေး ကြော်ငြာ အစရှိတာတွေ အားလုံး ပါပါလိမ့်မယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေ ဘယ်နေရာမှာ ပိုက်ဆံ အသုံးပြုနေလဲ ဆိုတာကို လေ့လာပါ၊ ပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လို အဲဒီထက် ပိုကောင်းအောင် လုပ်မလဲ ဆိုတဲ့ မေးခွန်းမေးပါ။

၆။ အမြတ်အစွန်း အလွန် နည်းပါးခြင်း
လုပ်ငန်း ရှင်သန်နိုင်လောက်တဲ့ အမြတ်ငွေ ရရှိနေဖို့က ခင်ဗျားရဲ့ လုပ်ငန်း အောင်မြင်မှု အတွက် အလွန်ပဲ အရေးကြီးပါတယ်။ အခု အချိန်မှာ အမြတ်အစွန်း အလွန်အမင်း လျော့ချထားတာဟာ ရေရှည်မှာ ခင်ဗျားအတွက် ပြသနာတွေ အများကြီိး ဖြစ်လာနိုင် ပါတယ်။ နောက်ပိုင်း ခင်ဗျား အနေနဲ့ ဈေးတင်ရမယ့် အချိန် ရောက်ရင် ခင်ဗျားရဲ့ ဖောက်သည်တွေအတွက် သိပ်ပြီး သဘောမကျ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၇။ အားလုံးကို ကိုယ်တစ်ယောက်တည်း လုပ်နိုင်တယ် လို့ ထင်မြင်ခြင်း
လုပ်ငန်း အစမှာတော့ (တခြားဝန်ထမ်းတွေ ရှိပေမယ့်) ခင်ဗျားလောက် ဘယ်သူမှ ကောင်းအောင် မလုပ်နိုင်ဘူး လို့ ထင်တတ်တာဟာ ပုံမှန်ပါပဲ။ ခင်ဗျားအနေနဲ့က ခင်ဗျားရဲ့ ကုန်ပစ္စည်း၊ စီးပွားရေးပုံစံ ခေါင်းကစပြီိး ခြေဖျားထိ သိပါလိမ့်မယ်။ ပြီိးတော့ ခင်ဗျား တစ်ယောက်တည်းကသာ ခင်ဗျားရဲ့ လုပ်ငန်း အောင်မြင်စေဖို့ စိတ်ဝင်စားတဲ့ သူ လဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့် လောက်ဘယ်သူမှ ကောင်းအောင် မလုပ်နိုင်ဘူး ဆိုတဲ့ အမြင်ဟာ၊ လုပ်ငန်းကို အားကုန်သွားစေတတ်ရုံသာ မက လုပ်ငန်း အောင်မြင်ဖို့ သိသိသာသာ ကို နှေးကွေး၊ အနှောက်အယှက်ဖြစ်စေတဲ့ အမြင်ပါ။ တွေးခေါ်မြော်မြင် တတ်တဲ့၊ လုပ်ငန်း အတွေ့အကြုံရှိတဲ့ အကြံပေး ဒါမှမဟုတ် ကူညီ စောင့်ရှောက်သူ တစ်ယောက်ရှိခြင်းဟာ ခင်ဗျားအတွက် အလိုအပ်ဆုံး ဖြစ်တဲ့ လုပ်ငန်း နဲ့ ဈေးကွက် ဦးတည်ချက် အယူအဆ ကို ရရှိစေပါတယ်။

၈။ “အကယ်၍ တစ်ခုခု ဖြစ်ခဲ့လျှင်…” ကို ကြောက်ရွံ့လွန်း၍ မစွမ်းဆောင်နိုင်ခြင်း
ရောဘတ်(အက်ဖ်)ကနေဒီ (Robert F.Kennedy – Former US President) က “အကြီးအကျယ် ကျဆုံးဖို့ မကြောက်တတ်သူတွေသာ အကြီးအကျယ် အောင်မြင်မှုရနိုင်ပါတယ်” ဟု ပြောခဲ့ဖူးပါတယ်။ လုပ်ငန်းသစ် စတင်ရတာ ခက်ခဲပါတယ်။ ပြီးတော့ ကြောက်ရွံနေတတ်တဲ့ သူတွေ အတွက် မဟုတ်ပါဘူး။ ဆုံးရှုံးမှာ ငြင်းပယ်ခံရမှာ ကြောက်တယ်ဆိုတာဟာ နားလည် လက်ခံနိုင်တဲ့ ကိစ္စတွေပါ။ ဒါပေမယ့် အဲဒီ ကြောက်ရွံ့မှုတွေကြောင့် ခင်ဗျား မလုပ်နိုင် မကိုင်နိုင် ဖြစ်နေတာကို ဘာမှ မလုပ်ဘူးဆိုရင်တော့ အဲဒီ ကြောက်ရွံ့မှုတွေက ခင်ဗျားရဲ့ လုပ်ငန်းတွေကို ပိုပြီး ခက်ခဲစေမှာပါ။ လူတိုင်းဖြစ်တတ်တဲ့ ကြောက်ရွံ့မှုတွေကို သတိထား ကြည့်တာဟာ ပထမဆုံး လုပ်သင့်တဲ့ အရေးကြီးတဲ့အချက်ပါ။ ဒီလို သတိထား ကြည့်ခြင်းအားဖြင့် တခြားလူတွေလဲ ခင်ဗျားလို ဖြစ်ဖူးကြလိမ့်မယ် ဆိုတာကို ပြန်သတိရမိပါလိမ့်မယ်။

၉။ ကုန်ပစ္စည်းကို ဦးစားပေး၍ အသုံးပြုသူများအား ဦးစားမပေးခြင်း
ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်တဲ့အခါ၊ ဒါမှမဟုတ် စီးပွားရေးပုံစံ တစ်ခုသတ်မှတ်တဲ့အခါမှာ ခင်ဗျားအနေနဲ့ ဝယ်သူ ပထမ ဆိုတဲ့ စိတ်ဓါတ် ရှိဖို့ အရေးကြီးပါတယ်။ သို့သော်လည်း လုပ်ငန်းစတင်သူ အများစုဟာ ပိုက်ဆံရှာဖွေဖို့အတွက် အဓိက စဉ်းစားကြ တဲ့အခါ ရေရှည် တည်တံ့နိုင်တဲ့ စီးပွားရေး တစ်ခု ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ အလုပ်အပေါ် ကျေနပ်တဲ့၊ ကိုယ်ဆီကပဲ ဝယ်တဲ့ ဖောက်သည်တွေ ရှိဖို့ အဓိက လိုအပ်တယ် ဆိုတာကို မေ့သွားတတ်ပါတယ်။

လုပ်ငန်း အသစ်တစ်ခုကို စတင်တည်ထောင် တာဟာ မလွယ်ပါဘူး။ အမှားဆိုတာဟာ ရှောင်လို့မရနိုင်တဲ့ လုပ်ငန်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါပေမယ့် မှားတတ်တယ် ဆိုတာဟာ တခြားလူတွေ မှားပြီးသား ကိစ္စတွေကို နမူနာ မယူဘဲ ကိုယ်တိုင် မှားကြည့်ရမယ်လို့ ဆိုလိုတာတော့  မဟုတ်ပါဘူး။


Ref : :http://www.entrepreneur.com/article/245344v