အမျိုးသမီးတစ်ယောက်ကို ထည့်ထားသည့် သေတ္တာ တစ်လုံး မြန်မာနိုင်ငံသို့ ရောက်လာသည်။
ပထမဆုံးရောက်ပြီးလာကြည့်သူများကတော့ မီဒီယာအသီးသီးက သတင်းထောက်များ ဖြစ်သည်။ မကြာခင် သက်ဆိုင်ရာ သတင်းများထဲမှာ ပါလာသည်။
Eleven : ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမထုတ်ပြန်သည့် သေတ္တာတစ်လုံး တွေ့
Voice : စစ်တပ် တပ်ရင်းတစ်ခုအနီးတွင် သေတ္တာထဲထည့်ထားခံရသော အမျိုးသမီးတစ်ဦးတွေ့
Newswatch: သေတ္တာတစ်လုံးတွေ့ကြောင်း facebook သတင်းများအရ သိရ
------
မကြာခင် တပ်မတော်တပ်ဖွဲ့တစ်ခုရောက်လာသည်။
နယ်လှည့်ဆေးကုရေးယာဉ်ပေါ်တင်ပြီး ဆေးကုလိုက်ဟု အရာရှိက အမိန့်ပေးသည်။ စစ်သားတစ်ယောက်က ပြီးရင်ကော ဗိုလ်ကြီးဟု မေးသည်။
တန်ဖိုးနည်းထမင်းချက်တဲ့ အဖွဲ့ထဲ ပို့လိုက် ဟု ပြောသည်။
------
ရာသီဥတုကြောင့် ခေါင်းပေါင်းချွတ်သည့် ပုဂ္ဂိုလ်များ ရောက်လာသည်။
အခြေခံဥပဒေနှင့်အညီ အဆိုတင်သွင်းပြီး သေတ္တာကို နိုင်ငံပိုင်ပြု၍ သေတ္တာအတွင်းမှ အမျိုးသမီးအား နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေး အဆိုတင်ပြီး ဆုံးဖြတ်လိုက်သည်။ မကြာခင် facebook တွင် ကန့်ကွက်သံ များ ညံလာသဖြင့် ကန့်ကွက်အဆိုပြန်တင်ပြီး အစိုးရသက်တမ်း အတွင်း ဆိုင်းငံ့ရန် ဆုံးဖြတ်လိုက်သည်။
-------
အန်ဂျီအိုအဖွဲ့များ ရောက်လာသည်။
ဓာတ်ပုံရိုက်၊ ကယ်ဆယ်ရေးပရောဂျက်ဆွဲပြီး ကုန်ကျစရိတ် အဖြစ် သွားရောက်သည့် ခရီးစရိတ် ဒေါ်လာ ၂ ထောင်၊ တည်းခိုခ ဒေါ်လာ ၁ ထောင်၊ စားသောက်စရိတ် ဒေါ်လာ ၁ ထောင်၊ အမျိုးသမီးအတွက် အလှူငွေ ဒေါ်လာ ၁၀၀ ၊ လူသားချင်းစာနာမှုအရ ဆက်လက်ဆောင်ရွက်ရန် ဒေါ်လာ ၂ သိန်း တင်လိုက်သည်။
-------
ဒီမို ပုဂ္ဂိုလ်များ ရောက်လာသည်။
စစ်ဖိနပ်ကြောင့် ဒါမျိုးတွေ ဖြစ်တာဟု ပြောသည်။ ဒေါင်းပုံပါသော အလံနီတစ်ခု ပတ်ပေးလိုက်ပြီးဆန္ဒပြ အဖွဲ့တွင် နိုင်ငံမသိ ပြည်သူများ ပါဝင်လာပြီး အဖွားကို အားပေးထောက်ခံဟုကြေညာလိုက်သည်။
---------
ဗကသများ ရောက်လာသည်။
အသက်အရွယ်မကြည့်၊ ပညာအရည်အချင်းမကြည့် စစ်ကျွန်ပညာရေးကြောင့် ကျောင်းသူတစ်ယောက် ဒုက္ခရောက်ဟု ကြေညာချက် ထုတ်လိုက်သည်။
--------
Facebook ပေါ် ဓာတ်ပုံများ ရောက်လာသည်။
ခေးကို ၀န်းရံကြ ဟု စတေးတပ်တင်ကြသည်။
ဆံပင်က ကချင်နဲ့တူတယ်၊ ကယားနဲ့တူတယ်၊ ကရင်နဲ့တူတယ်၊ ရခိုင်နဲ့ တူတယ် စသဖြင့် သက်ဆိုင်ရာ တိုင်းရင်းသူတစ်ယောက်ဖြစ်ကြောင်း ရေးသားသည်။
ဆီလီကွန်၊ ကျွဲကောသီး၊ လေယာဉ်မယ်၊ ဘာညာ ရှုထောင့်မျိုးစုံ၊ ပေ့ခ်ျမျိုးစုံတွင် ပုံစံမျိုးစုံ ဖော်ပြပြီး fake account များ ထွက်လာသည်။ မကြာခင် အာရပ်သူဌေးမှ လာတောင်းဟု လုပ်ကြံ သတင်းထွက်လာသည်။
----------
လူတစ်ယောက်ကတော့ ကြိတ်ပြီး ရင်ထုမနာဖြစ်နေသည်။
ဂျပန်နိုင်ငံမှ လူတူစက်ရုပ်တစ်ရုပ် မှာလိုက်သည်ကို နေရာမှား ရောက်သွားသောကြောင့် ဖြစ်သည်။
(ဦးဦးတိမ်)
No comments:
Post a Comment